HTOOSAN

လာလည်ကြတဲ့ မိတ်ဆွေများ အားလုံး ပျော်ရွှင်ချမ်းမြေ့ ကြပါစေ

Wednesday, July 30, 2014

လက်မှတ်သုံးသန်းကျော် ရေမျောရေခဲတုံးနှင့် တိုင်းရေးပြည်ရာ

လက်မှတ်သုံးသန်းကျော် ရေမျောရေခဲတုံးနှင့် တိုင်းရေးပြည်ရာ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ရေးကိစ္စသည် လတ်တလောမြန်မာ့နိုင်ငံရေး၏ ပြဒါးတိုင်ပင်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၏သော့ချက်ပုဒ်မ (၄၃၆)ပြင်ဆင်ရေးကို လက်မှတ်ရေးထိုးဆန္ဒပြုသူဦးရေသုံးသန်းကျော်လာပြီးနောက်ပိုင်း နိုင်ငံရေး အရှိန်ပိုရလာနေသည်။ အကယ်စင်စစ်တိုင်းရေးပြည်ရာတို့သည် ပိုမိုထိလွယ်ရှလွယ် ဖြစ်လာနိုင်သည့်နည်းတူ ပြုလွယ်ပြင်လွယ်ဖြစ်လာနိုင်မည်ဆိုလျှင် တိုင်းပြည် နှင့်ပြည်သူလူထုအတွက် ပိုမို အကျိုးများမည်ဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေ မန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပ ဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ဆက်စပ်သော လွှတ်တော်ပြင်ပ လှုပ်ရှားမှုများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော် မတီ၏ လုပ်ငန်းများကို အထူးတလည်သက်ရောက်နိုင်မှု မရှိနိုင် ကြောင်း ၂၀၁၄ ခုနှစ်၊ ဇူလိုင် ၃ ရက်တွင် ပြည်ထောင်စုလွှတ် တော်ဇမ္ဗူသီရိခန်းမဆောင်ဝယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီဗဟိုအတိုင်ပင်ခံ ဦး အောင်သောင်း၊ ပါတီဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးတို့နှင့်အတူ သတင်းမီဒီယာများအား တွေ့ဆုံရာ၌ ထုတ်ဖော်ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ပူး ပေါင်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒသဘောထားလက်မှတ် များကောက်ယူသည့်လွှတ်တော် ပြင်ပ နိုင်ငံတစ်ဝန်းလှုပ်ရှားမှုများ၏ဂယက်သည် လွှတ်တော် အတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်များကို သက်ရောက်မှုမရှိနိုင်၊ ထိခိုက်မှုမရှိနိုင်ဟု အတိအလင်းမှတ်ချက် ပြုပြောကြားခဲ့ခြင်းဖြစ်ပြီး အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ခေါင်း ဆောင်သော လူထုအခြေပြုနိုင်ငံ ရေးလှုပ်ရှားမှုများကို နိုင်ငံရေး အရ အန်တုစိန်ခေါ်လိုက်သည့် ခြေလှမ်းဟုပင် ကောက်ချက်ပြု နိုင်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစု ကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၃၆)ပြင်ဆင်ရေးအတွက် ပြည်သူလူထု၏လက်မှတ်ရေးထိုး တောင်းဆိုမှုများသည် ပြည်သူ့ ဆန္ဒ၊ လွှတ်တော်ဆန္ဒဆိုသည့် ဆောင်ပုဒ်အရ လွှတ်တော်အပေါ် သက်ရောက်မှုရှိရန် လိုအပ် ကြောင်း ဇူလိုင်လ ၄ ရက်နေ့တွင် သတင်းမီဒီယာများအား မှတ် ချက်ပြုပြောကြားခဲ့သည်။ ဒေါ် အောင်ဆန်းစုကြည်၏မှတ်ချက် စကားသည် ပြည်ထောင်စုလွှတ် တော်နာယက သူရဦးရွှေမန်းကို သာမက လွှတ်တော်များ၏ ပြည်သူလူထုကိုယ်စားပြုမှုကိုပါ မှတ်ကျောက်တင်နိုင်ရေး ဆော်သြလိုက်သည့်အသွင်မြင်တွေ့နေရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းလျက် ၂၀၁၄ ခုနှစ်၊ မေလ ၂၇ ရက်မှ ဇူလိုင် ၁၉ ရက်အထိ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ကောက်ယူလျက်ရှိသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄၃၆)ပြင်ဆင်ရေး လူထုဆန္ဒသဘောထားလက်မှတ်များသည် ဇူလိုင် ၃ ရက်တွင် သုံးသန်းကျော်ရရှိပြီးဖြစ်သည်။ ဇူလိုင် ၁၉ ရက်နေ့ လက်မှတ်ကောက်ယူမှုများအပြီးသတ်ချိန်တွင် လက်မှတ်ပေါင်း လေးသန်းနီးပါးရလာ နိုင်ဖွယ်ရှိသည်ဟုလည်း ခန့်မှန်းသုံးသပ်ကြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၃၆)ပြင်ဆင်ရေးလူထု သဘောထားလက်မှတ်လေးသန်း (သို့မဟုတ်) ငါးသန်းသည် ခန့် မှန်းမဲပေးပိုင်ခွင့်ရှိသူ သန်းသုံး ဆယ်နှင့်နှိုင်းယှဉ်လျှင် ငါးပုံတစ်ပုံ သာရှိပြီး မဲပေးပိုင်ခွင့်ရှိသူစုစု ပေါင်း၏ နှစ်ဆယ်ရာခိုင်နှုန်း အောက်ကိုသာ ကိုယ်စားပြုသည့် အားလျော်စွာ မှတ်တမ်းတင်ထား ရုံမှတစ်ပါး ထည့်သွင်းစဉ်းစားရန် မလိုဟု မှတ်ချက်ပြုနိုင်သည်။ အကယ်စင်စစ်၊ ပြည်ထောင်စု လွှတ်တော်နှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေးအကောင် အထည်ဖော်မှုကော်မတီတို့အနေ ဖြင့် လက်မှတ်ပေါင်းလေးသန်းနီး ပါးကို အလေးအနက်ထားရန်လို အပ်ပြီး အနည်းစုကိုသာ ကိုယ် စားပြုသည်ဟု လှေနံဓားထစ် မမှတ်ယူသင့်ကြောင်း တိုက်တွန်း လိုပါသည်။

ရေမျောရေခဲတုံးကိုကြည့် လျှင် ရေတွင်ပေါ်နေသောအပိုင်း နှင့် ရေအောက်တွင်မြုပ်နေသော အပိုင်းဟု နှစ်ပိုင်းမြင်တွေ့ရသည်။ ရေခဲတုံး၏ရေပေါ်နေသော အပိုင်းထက် ရေအောက်တွင်မြုပ်နေသော အပိုင်းက ပိုကြီးမားတတ်သည်မှာ သဘာဝဖြစ်သည်။ အဆိုပါဖြစ် စဉ်အရ လတ်တလောကောက်ယူ ရရှိနိုင်ဖွယ်ရှိသော လက်မှတ် ပေါင်းလေးသန်းခန့်သည်ရေမျော ရေခဲတုံး၏ ရေပေါ်အပိုင်းနှင့်တူ သည်ဟု ကောက်ချက်ပြုနိုင်သည်။ လက်မှတ်ရေးထိုး ဆန္ဒမပြုလင့် ကစား ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လိုသော လေးသန်းထက်အဆ များစွာသာလွန်နိုင်ဖွယ်ရှိသူ များကို ရေမျောရေခဲတုံး၏ရေအောက်တွင် မြုပ်နေသောအပိုင်းနှင့် ခိုင်းနှိုင်းနိုင်မည်ဖြစ်သည်။ ထို့ကြောင့်လွှတ်တော်အကြီးအကဲများအနေဖြင့်ရေမျောရေခဲတုံး၏ရေပေါ် ပေါ်သော အပိုင်းနှင့်တူသည့် လက်မှတ်ပေါင်းလေးသန်းနီးပါးကို အနည်းစုကိုယ်စားပြုမှုအဖြစ်သတ်မှတ်ပြီး အဆုံးအဖြတ်များပြုလုပ်မည်ဆိုလျှင် တိုင်းပြည်နှင့်ပြည်သူလူထုအတွက် အကျိုးမများနိုင်ဟု ထင်မြင်မိသည်။ သို့ပါ၍ လွှတ်တော်အကြီးအကဲများနှင့် လွှတ်တော်ကော်မတီဝင်များ အနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆိုင်ရာ အဆုံးအဖြတ်များကို ပြုလုပ်ရာတွင် ရေမျောရေခဲတုံး၏ ရေအောက်အပိုင်းကိုလည်း မဖြစ် မနေ ထည့်သွင်းစဉ်းစားသင့်ပါ ကြောင်း အကြံပြုတိုက်တွန်းလိုပါ သည်။

ပြည်ထောင်စုလွှတ်တော် နာယကသည် လွှတ်တော်၏ သဘောတူဆုံးဖြတ်ချက်နှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာ သုံးသပ်ရေးပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သုံးသပ် ချက်အစီရင်ခံစာပါ အကြောင်း အရာများကိုဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင် ရေး အကောင်အထည်ဖော်မှု ကော်မတီကို ၂၀၁၄ ခုနှစ်ဖေဖော် ဝါရီ ၃ ရက်နေ့တွင် ဖွဲ့စည်းတာ ဝန်ပေးအပ်ခဲ့သည်။ ကော်မတီ သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ ပိုမိုကောင်းမွန်အောင်ပြင်ဆင် သင့်သည့်အကြောင်းအရာများ ပြင်ဆင်ခြင်းမပြုဘဲ ဆက်လက် ထားရှိသင့်သည့်အကြောင်းအရာ များကို လေ့လာဖော်ထုတ်ပြီး ဖွဲ့ စည်းပုံအခြေခံဥပဒေကိုပြင်ဆင် သည့်ဥပဒေကြမ်းတစ်ရပ်ဖြစ်ပေါ် လာသည်အထိ တာဝန်ယူဆောင် ရွက်ရမည်ဖြစ်သည်။

အချုပ်အားဖြင့် ဆိုသော် တိုင်းပြည်ပြုပြင်ပြောင်းလဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ဒီမိုကရေစီခရီးရှည်တွင် လူ ထုဆန္ဒသဘောထားကို အစိုးရ၊ လွှတ်တော်များနှင့် အာဏာရပါ တီတို့အနေဖြင့် အထူးအလေး ထားရန်လိုအပ်မည်ဖြစ်သည်။ လူထုဆန္ဒသဘောထားကိုနည်း ခြင်း၊ များခြင်း၊ လူများစုကိုယ်စား ပြုခြင်း၊လူနည်းစုကိုယ်စားပြုခြင်းတို့ အပေါ် အခြေပြုလျက် အတိမ် အနက်ရွေးမည်ဆိုလျှင် အရေး ကြီးကိစ္စများတွင် အဖြေမှန်နှင့် ဝေးရာသို့ ဦးတည်သွားနိုင်ဖွယ်ရှိ သည်။ ထို့ကြောင့် လွှတ်တော် အကြီးအကဲများနှင့် လွှတ်တော် ကော်မတီတို့အနေဖြင့် ရေမျော ရေခဲတုံး၏ ရေပေါ်အပိုင်းနှင့်တူ သော လူထုဆန္ဒသဘောထား လက်မှတ်လေးသန်းနီးပါးကို အလေးအနက်ထားပြီး ရေမျော ရေခဲတုံး၏ ရေအောက်ပိုင်းနှင့် အသွင်တူသော အောက်ခြေပြည် သူလူထုအများစုကြီး၏ ရင်တွင်းဆန္ဒသဘောများကို သိရှိနားလည်အလေးအနက်ထားသင့်ပါကြောင်း မီးမောင်းထိုးဆော်သြလိုက်ရပါ သည်။။
7 Day Daily

No comments:

Post a Comment