မြန်မာ-တရုတ် နယ်စပ်မှ တရားမဝင် တောရိုင်းတိရစ္ဆာန်ဈေးကွက်
ရှမ်းပြည်နယ် မိုင်းလားမြို့ဟာ တရုတ်နယ် နိမိတ် အနီးတွင် တည်ရှိသော နယ်ခြားမြို့လေး ဖြစ်ပါတယ်။ တရားမဝင် သားရိုင်း တိရစ္ဆာန် ရောင်းဝယ်ဖောက်ကား မှုများ စုဆုံနေတဲ့ လမ်းဆုံလမ်းခွ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ အိန္ဒိယ၊ မြန်မာ၊ လာအို၊ ထိုင်းနိုင်ငံတို့ရှိ သစ်တောများ၊ ကွင်းပြင်များတွင် ရှင်သန်သော တိရစ္ဆာန်နဲ့ အပင်တို့ကို အခြောက်ခံထားသည့် ပစ္စည်းများကို မိုင်းလားမှာ ရောင်းချနေကြပါတယ်။ ယင်းတို့အနက် အများအပြားဟာ မျိုးသုဉ်းလုနီးပါး ရှားပါးနေသည့် မျိုးစိတ်များ ဖြစ်ပါတယ်။
မိုင်းလားက တရားဥပဒေ စိုးမိုးမှု အလှမ်းကွာဝေးပြီး မှောင်ခိုသမားတွေ လှုပ်ရှားဝင်ထွက်နေ တတ်တဲ့ နယ်ခြားမြို့လေး တစ်ခုပါ။ မြို့လေးမှာ လက်နက်၊ မူးယစ်ဆေးဝါးတို့အပြင် အမျိုးသမီးတွေကိုပါ မှောင်ခိုရောင်းဝယ်သူတွေ ထူထူပြောပြော ရှိနေပါတယ်။
မိုင်းလားကို ရောက်ဖို့အတွက် နယ်ခြားဒေသကို ဆိုင်ကယ်နဲ့ တရားမဝင် တောလမ်းအတိုင်း ဖြတ်ကျော်ပြီး ဝင်ရောက်ရပါတယ်။ ဖုန်ထူတဲ့ လမ်းကြောင်းအတိုင်း ရော်ဘာစိုက်ခင်းတွေနဲ့ သစ်တောတွေထဲက ဖြတ်သန်းရတယ်။ မိနစ် ၂၀ လောက် ကြာမြင့်တဲ့ ခရီးစဉ်မှာ ခင်ဗျားအနေနဲ့ ဒေသခံတွေ ဖြစ်ကတတ်ဆန်း ဆောက်ထားတဲ့ စစ်ဆေးရေး အတားအဆီးဂိတ်တွေ၊ National Democratic Alliance တပ်က လက်နက်ကိုင်တွေကို တွေ့မြင်ရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ မြန်မာစစ်တပ်ရဲ့ ခွင့်ပြုချက်နဲ့ မြို့ထဲကို ရောက်ရှိပါလိမ့်မယ်။
ကျွန်တော်ကတော့ မြို့လေးထဲက တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းတွေ တရားမဝင် ရောင်းဝယ်နေတဲ့ ဈေးကွက်နဲ့ စားသောက်ဆိုင်တွေကို လေ့လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနေ့ ညနေပိုင်းမှာ မြန်မာနိုင်ငံဘက်က ပြန်ထွက်လာပြီး တရုတ်နယ်ခြားဘက် ရောက်လာမှ တကယ့် အနှစ်သာရ သတင်းကို ကျွန်တော် သတိပြုမိလာခဲ့တာ ဖြစ်ပါတယ်။
မိုင်းလားဈေးထဲမှာ ခင်ဗျားအနေနဲ့ နိုအာရဲ့ ကမ္ဘာဦးလှေကြီးမှာ တင်ခေါ်သွားဖူးတဲ့ တကယ့် ရှားရှားပါးပါး မျိုးသုဉ်းလုနီးပါး တိရစ္ဆာန်တွေကို ရှာတွေ့နိုင်လိမ့်မယ်။ ကျားအရေခွံတွေရှိတယ်။ ဆင်သားရေနဲ့ အစွယ်တွေကို အစုလိုက်အပုံလိုက် တွေ့နိုင်တယ်။ ပြီးတော့ သင်းခွေချပ်ရဲ့ အကြေးခွံတွေ၊ ကျားသစ်အရေခွံ၊ ရှဥ့်ပျံတွေ၊ ကြောင်ကတိုး၊ အာရှမျိုးရင်း လဝက်ဝံ (Moon Bear)ရဲ့ အရေပြားတွေ၊ တိဗက်တောင်ဆိတ် ဦးခေါင်းခွံတွေကအစ အစုံအလင် ရှိနေတယ်။
ဒီပစ္စည်းတွေနဲ့ အမျိုးအစားတူ တော်တော်များများကို တရုတ်ဘက်က ဒါလူအိုမြို့မှာလည်း တွေ့မြင်နိုင်ပါတယ်။ ဒါပေမဲ့ ဈေးနှုန်းချင်းကတော့ သိသိသာသာ ကွာခြားတယ်။ ဥပမာပြောရရင် မိုင်းလားမှာ ကျားရေတစ်ချပ်ကို ယွမ်ငါးသောင်းလောက်နဲ့ ဝယ်လို့ရတယ်။ ဒါပေမဲ့ အဲဒီကျားရေကိုပဲ တရုတ်ဘက်မှာ ဈေးနှုန်းက ယွမ်နှစ်သိန်းလောက် ဖြစ်သွားတတ်တယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ သားရိုင်းတိရစ္ဆာန်တွေကို တရားမဝင် မှောင်ခိုရောင်းဝယ်နေတာဟာ အဆန်းမဟုတ်တော့ပါဘူး။ ဆယ်စုနှစ်ပေါင်းများစွာကတည်းက NGO တွေ၊ အစိုးရဌာနတွေက တရုတ်နဲ့ နယ်စပ်ဒေသမှာ ဒီလိုပြဿနာတွေ ရှိနေတယ်ဆို တာ သိပြီးသား ဖြစ်ပါတယ်။ သူတို့ မသိတာက တရုတ်တိုင်းရင်းဆေးတွေ ဖော်စပ်ဖို့အတွက် လိုအပ်တဲ့ မျိုးသုဉ်းလုနီးပါး တိရစ္ဆာန်အစိတ်အပိုင်းတွေဟာ မီတာနည်းနည်း လောက်ပဲဝေးတဲ့ နယ်ခြားဂိတ်ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံဘက် ရောက်သွားရင် ဘယ်လောက်ထိ ပွပေါက်တိုးသွားတတ်သလဲ ဆိုတာပါပဲ။
စိတ်မသက်သာစရာ အခြေအနေတွေအပြင် အန္တရာယ်လည်း ရှိနေတာတောင် မိုင်းလားဘက်ကို သွားလာနေသူတွေ များပြားနေရတဲ့ အကြောင်းရင်းက အဲဒီလို စင်ပြိုင်မှောင်ခိုဈေးကွက်တစ်ခု ထွန်းကားနေလို့ပါပဲ။ ခရီးတစ်လျှောက် စိတ်အနှောင့်အယှက် ဖြစ်လာတဲ့ ကမ္ဘာလှည့်ခရီးသွားတွေဟာ မိုင်းလားကို ရောက်လာတာနဲ့ တရားဝင် ရောင်းဝယ်ခွင့် ပိတ်ပင်ထား တဲ့ ရှားပါးတိရစ္ဆာန် ထွက်ကုန်ပစ္စည်းတွေကို သက်သောင့်သက်သာ ဝယ်ယူလို့ရနိုင်ပြီလေ။ ဒါပေမဲ့ တရုတ်အစိုးရ ပြည်ထဲရေးဌာနနဲ့ အကောက်ခွန် အရာရှိတွေက သဘောကျမှာ မဟုတ်တာကြောင့် သူတို့ကို ရှောင်လွှဲဖို့တော့ လိုပါလိမ့်မယ်။
တရုတ်အစိုးရဟာ မြန်မာနိုင်ငံနဲ့ နယ်ခြားဒေသမှာ ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ မိတ်ဆွေသူငယ်ချင်း၊ မဟာမိတ်တွေအဖြစ် ရပ်တည်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ အရင်ထက် ပိုပြီးပွင့်လင်းတဲ့ အစိုးရတစ်ရပ် တက်လာတော့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအပေါ် အစဉ်အလာမပျက် ထောက်ပံ့ခဲ့တဲ့ တရုတ်ရဲ့ ရပ်တည်မှုက နည်းနည်း မှေးမှိန်လာတယ်။ အခုအချိန်မှာ တရုတ်ဟာ နေပြည်တော်က မြန်မာအစိုးရကို ပိုပြီးတော့ ထောက်ခံကူညီနေတယ်လေ။
ဒီအပြာင်းအလဲက မိုင်းလားမှာ မြင်သာလာခဲ့တယ်။ ယူနန်ပြည်နယ်နဲ့ နယ်နိမိတ် ထိစပ်နေတဲ့ မြို့လေးဆီသွားချင်တဲ့ ကမ္ဘာလှည့် ခရီးသည်တွေကို တရုတ်အာဏာပိုင်တွေက ခွင့်ပြုချက်ပေးတဲ့ အရေအတွက် ကျဆင်းလာခဲ့တယ်။ အကျိုးဆက်အနေနဲ့ကတော့ မိုင်းလားကို ဝင်ရောက်ဖို့ ကြိုးစားတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ အတော်များများဟာ နယ်စပ်ကနေ စိတ်ပျက်လက်ပျက် လှည့်ပြန်သွားကြရတာပဲ ဖြစ်ပါတယ်။ တချို့ကလည်း ဒါလူအိုမြို့မှာပဲ သူတို့လိုချင်တဲ့ တောရိုင်းတိရစ္ဆာန်ရောင်းကုန်ပစ္စည်းတွေကို ဝယ်ဖြစ်ကြတယ်။
အများစုကတော့ တရားမဝင် တောလမ်းကနေ ဆိုင်ကယ်စီးပြီး မြန်မာနိုင်ငံဘက်ကို ဝင်ရောက်နေကြတုန်းပါပဲ။ ဒိုင်တိုင်းရင်းသား ဆိုင်ကယ် ကယ်ရီသမားလေး ဆာမန်ကတော့ ဒီလမ်းကနေ တရုတ်တွေ ဝင်လာတာ အရင်ကလောက် များများစားစား မရှိတော့ဘူးလို့ ပြောပြပါတယ်။ တရုတ်အစိုးရဟာ မိုင်းလားမှာ မိုဘိုင်းဖုန်းကွန်ရက်နဲ့ လျှပ်စစ်မီးကို ထောက်ပံ့ပေးထားဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ထပ် ဘယ်လောက်ကြာကြာ အခုလို ထောက်ပံ့ထားမလဲ ဆိုတာကိုတော့ ဘယ်သူမှ မခန့်မှန်းတတ်ပါဘူး။
တရုတ်ဟာ သားရိုင်းတိရစ္ဆာန်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ ကူးသန်းရောင်းဝယ်မှုကို တိုက်ဖျက်တဲ့ကဏ္ဍမှာ ဦးစီးဦးဆောင်နေရာကိုရယူဖို့ အားထုတ်လာခဲ့ပါတယ်။ မှောင်ခိုရောင်းဝယ်နေတဲ့ ဆင်စွယ်တွေကို ဖမ်းဆီးပြီး ဖျက်ဆီးခဲ့တယ်။ ဒီပြဿနာနဲ့ ပတ်သက်ပြီး လန်ဒန်မှာ ကျင်းပတဲ့ ညီလာခံကိုလည်း တက်ရောက်ခဲ့သေးတယ်။ ဒါပေမဲ့ အစိုးရအနေနဲ့ ပြည်တွင်းအဆင့်မှာ ဖြစ်ပေါ်နေတဲ့ ခြစားမှုတွေကို ထိထိရောက်ရောက် မဖယ်ရှားနိုင်သေးတာကတော့ စိတ်ပျက်စရာ အခြေအနေ တစ်ခုပါပဲ။
ဒါလူအိုက နာမည်ထုတ်မပြောတဲ့ ဈေးသည်အမျိုးသမီး တစ်ဦးကတော့ အခုလို ပြောပါတယ်။ ရဲလာရင်တော့ မြန်မြန်ဆန်ဆန် သိမ်းဆည်းထားလိုက်တာပဲ။ အများမြင်ကွင်းမှာ တရားမဝင် သားရိုင်းတိရစ္ဆာန်ပစ္စည်းတွေ ရှိမနေဘူးဆိုရင် အဆင်ပြေပါပြီ။ ရဲတွေ ပြန်ထွက်သွားရင် ကျွန်မတို့ကလည်း ဝှက်ထားတဲ့ နေရာကနေ ထုတ်လာပြီး ဒါတွေကို ပြန်ရောင်းကြတာပါပဲဟု အမျိုးသမီးက ရှင်းပြခဲ့ပါတယ်။
(Guardia သတင်းထောက် အဲလက်စ်ဟော့ဖော့ဒ်၏ Illegal wild-life trade along the Burma-China Border ဆောင်းပါးကို ဇွဲရဲဝင့် ပြန်ဆိုပါသည်)
(ဓာတ်ပုံThe Guardian)
တရားမ၀င်တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းရောင်းချရာ မိုင်းလားဈေးကွက်
No comments:
Post a Comment