မြန်မာ့သူရဲကောင်း၊ တော်လှန်ရေးသူရဲကောင်း ဗိုလ်မှူးကြီး ဗထူး
***************************************************
ဗိုလ်မှူးကြီး ဗထူးသည် လောင်းလုံမြို့နယ်၊ လေးလွန်ရွာတွင် မြေပိုင်ရှင်ဦးဘိုးထန်း၊ ဒေါ်စိန်မြရင် တို့မှ မွေးဖွားသော သားထွေးဖြစ်သည်။ ငယ်စဉ်က ထားဝယ်မြို့ အစိုးရကျောင်းတွင် ပညာသင်ကြားခဲ့လေသည်။ ပင်ကိုယ်ဗီဇက အတိုက်အခံအလုပ်ကို ၀ါသနာပါသော်လည်း မိတ်ဆွေအပေါင်းအသင်းများကိုမူ ဖော်ရွေစွာဆက်ဆံလေ့ရှိသည်။ ဗိုလ်မှူးကြီးဗထူးသည် အဌမတန်းသို့ ရောက်သောအခါ သူငယ်ချင်းများနှင့်အတူအလုပ်လုပ်ရန်အတွက် ကျောင်းမှထွက်လေသည်။ မိဘများကမူ ကျောင်းဆက်တက်ရန် အမျိုးမျိုးနားချပြောကြားသော်လည်း လုံးဝနားမထောင်သည့်အပြင် မိဘအိမ်တွင်လည်းမနေ၊ သူငယ်ချင်းများထံသို့လည်း အကူအညီမတောင်းခဲ့ပေ။ မိမိကြိုးစားမှုဖြင့်ပင် ထားဝယ်မြို့ရှိ သတ္ထုတွင်းကုမ္ပဏီတစ်ခုတွင် လခစားအဖြစ် ၀င်ရောက်လုပ်ကိုင်နေလေသည်။
ဗထူးသည် ရိုးသားဖြောင့်မတ်သည့်အပြင် ၀တ္တရားများကို ကျေပွန်စွာလုပ်ကိုင်ခြင်းတို့ကြောင့် မန်နေဂျာအဖြစ်ရာထူးတိုးမြှင့်ခံခဲ့ရလေသည်။ ဤသို့ဖြင့် တဖြည်းဖြည်းအလုပ်ကို ကြိုးစားလုပ်ကိုင်လာ သောအခါ လခစားများ၏ ဘ၀အကြောင်းကို ကောင်းကောင်းကြီး သိလာလေတော့သည်။ လခစားများဘ၀သည် လွတ်လပ်ခြင်းလည်းမရှိ၊ အကျိုးအမြတ်မှာ ဓနရှင်ကြီးများအတွက်သာ ဖြစ်ပေသည်။
ဆင်းရဲသားအလုပ်သမားများမှာမူ ရရစားစားနှင့်ဆင်းရဲတွင်းမှ မတက်လှမ်းနိုင်သည့်အဖြစ်ကို ကိုယ်တွေ့သိမြင်လာလေတော့သည်။ ထို့ကြောင့်လည်း ကုမ္ပဏီပိုင်ရှင်နှင့် အလုပ်သမားများအရေးအခင်း ဖြစ်တိုင်း အလုပ်သမားများဘက်မှ ၀င်ရောက်၍ အတိုက်အခံပြောခဲ့သည်။
ယင်းကြောင့် ဗထူးမှာ အလုပ်သမားများ၏ မှီခိုအားထားရာ ခေါင်းဆောင်တစ်ဦးအဖြစ် အလိုလို ရောက်ရှိလာလေသည်။ ထိုအချိန်က ကုမ္ပဏီပိုင်ရှင်သည် ဗထူးအား အလုပ်မှ ထုတ်ပစ်လိုသော်လည်း အလုပ်သမားများ သပိတ်မှောက်မည်စိုးသဖြင့် အရိပ်အခြေကို အကဲခတ်စောင့်ကြည့်နေလေသည်။
ဤသို့ဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများ ပဋိပက္ခဖြစ်နေစဉ်အတွင်းတွင် ဂျပန်တို့က စစ်ကြေညာ လိုက်သောသတင်းကြောင့် မြန်မာနိုင်ငံတွင် ဂယက်ရိုက်သွားလေတော့သည်။ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းဦးစီးပြီး ထိုင်းနိုင်ငံတွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်းခဲ့သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော်နှင့်အတူ ဂျပန်တပ်မတော်လည်း စစ်ကြောင်းကြီးများဖွင့်၍ ချီတက်လာပြီဟူ သော သတင်းများသည် ထားဝယ်မြို့တွင် ပျံ့လွင့်နေလေသည်။
ထိုအချိန်က ဗထူးသည် မိဘအရေးကိုလည်း မတွေးတော၊ ဇနီးနှင့် သာသမီးများကိုလည်း သတိမရတော့ဘဲ ဗမာ့လွတ်လပ်ရေးတပ်မတော်ထဲကိုသာ ၀င်လိုသောအတွေးဖြင့် ပျော်နေခဲ့လေသည်။
ထိုအချိန်တွင် ဗိုလ်မှူးကြီး လက်ျာဦးစီးသော တပ်မတော်ကြီးသည် ထားဝယ်မြို့ကို သိမ်းပိုက်လိုက်သောအခါတွင် ဗထူးသည် စစ်ထဲသို့ဝင်ရောက်ခဲ့လေတော့သည်။
ဇနီးဖြစ်သူမအုန်းတင်ကိုလည်း အကြောင်းမကြား၊ သားကြီးဖေ၀င်း၊ သားလတ်ဖြူဝင်းနှင့်သမီးထွေးမခင်ဝင်းတို့ကိုလည်း သတိမရခဲ့ပေ။ မိမိဖြစ်ချင်နေသော တော်လှန်ရေးတပ် မတော်သားဘ၀ကိုသာ ကျေနပ်နှစ်သိမ့်နေလေတော့သည်။
ထိုစဉ်က ဗထူးသည် တပ်သား(၁၅)ယောက်ကိုသာ အုပ်ချုပ်ရသော တပ်ကြပ်ကလေးရာထူးကို ရခဲ့သည်။ ယင်းကြောင့် “ ငါစစ်ပညာကြိုးစားသင်မယ်၊ မသိတာရှိရင် စစ်ဗိုလ်ကိုမေးမယ်၊ စစ်သူကြီးမဟာ ဗန္ဓုလပင် ဆင်းရဲသားဘ၀မှ ကမ္ဘာကျော်စစ်သူရဲကောင်းကြီးဖြစ်ခဲ့တယ်၊ ငါလည်းကြိုးစားရင်အောင်မြင်ရ မယ် ” ဟူ၍ မိမိကိုယ်မိမိအားပေးခဲ့သည်။
မကြာမီစစ်ထွက်တော့မည်ဖြစ်သဖြင့် အိမ်သို့ပြန်၍ မိဘနှင့်သားသမီးများကို ၀မ်းနည်းကြေကွဲစွာ နောက်ဆုံးနှုတ်ဆက်၍ တပ်စခန်းရှိရာသို့ ပြန်ခဲ့လေတော့သည်။ ယင်းအချိန်မှစပြီး နောက်ကြောင်းကို လုံးဝမစဉ်းစားတော့ဘဲ ထားဝယ်စစ်ကြောင်း တပ်မတော်ကြီးနှင့်အတူ မြန်မာတို့၏ သတ္တိကို ပြသခွင့်ရခဲ့ လေတော့သည်။
ဗထူးသည် တစ်ခါတစ်ရံတွင် မိမိကိုယ်တိုင်ဦးစီး၍ မြို့တစ်မြို့ကိုသော်လည်းကောင်း၊ ရွာတစ်ရွာကို သော်လည်းကောင်း သိမ်းပိုက်ရန် တာဝန်ကျသောအခါတွင် မိမိတပ်သားများကို “ စစ်သားဆိုတာ စစ်သား ပီသရမယ်၊ စစ်သားသည် တိုင်းပြည်နဲ့ လူမျိုးအတွက် စစ်ထဲဝင်တယ်၊ အသက်ကိုစွန့်စားရမယ်၊ ဒီတော့ တိုင်းသူပြည်သားများကို စိတ်ဆင်းရဲစေမယ့် အလုပ်မျိုးမှန်သမျှကို လုံးဝရှောင်ကြဉ်ရမယ်၊ ခု ကျုပ်ကိုယ်တိုင်ဦးစီးပြီး မြို့ကိုသိမ်းမယ်၊ သိမ်းပြီးရင် အဓမ္မပစ္စည်းသိမ်းခြင်း၊ လုယက်ခြင်း၊ ရွှေတို ငွေစယူ ခြင်း စတဲ့ အလေ့အကျင့်ဆိုးတွေကို လုံးဝရှောင်ကြဉ်ရမယ် ” ဟု ရှေးဦးစွာသွန်သင်ညွှန်ကြားပြီးမှ မြို့ကို သိမ်းပိုက်လေ့ရှိသည်။
ထို့အပြင် “ စစ်သားဟာ ကိုယ်ကျိုးရှာသမားမဟုတ်ဘူးဆိုတာ အထူးသတိပြုရမယ် ” ဟု အမြဲသွန် သင်ဆုံးမလေ့ရှိသည်။ မိမိကိုယ်တိုင်လည်း ရှေ့ဆောင်လမ်းပြလုပ်ကိုင်ခဲ့လေသည်။ ယင်းကြောင့်အဘက် ဘက်မှ ထူးချွန်ပြည့်စုံသော ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီးသည် မြန်မာနိုင်ငံတစ်နိုင်ငံလုံးအား သိမ်း ပိုက်အောင်မြင်သောအခါတွင် ဗထူးသည် ဗိုလ်ကြီးအဆင့်သို့ တိုးမြှင့်ခန့်အပ်ခြင်းခံရလေသည်။
မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးသောအချိန်တွင် မိမိနိုင်ငံလွတ်လပ်ရေးရရှိခြင်းအတွက်လည်းကောင်း၊ မိမိအားရာထူးတိုးခြင်းကြောင့်လည်းကောင်း၊ ဗထူးအတွက်ဝမ်းမြောက်စရာဖြစ်သော်လည်း ၀မ်းမသာနိုင် ရှာပေ။ အကြောင်းကား လွတ်လပ်ရေးရရှိရန်အတွက် ဂျပန်နှင့်ပူးပေါင်း၍ တိုက်ပွဲပေါင်းမြောက်မြားစွာကို ဆင်နွှဲနေချိန်၌ နောက်ကျဂျပန်တို့သည် တိုင်းသူပြည်သားများအပေါ်တွင် ရိုင်းစိုင်းစွာဆက်ဆံပြုမူနေသဖြင့် ပြည်သူလူထု၏ အထင်အမြင်လွဲမှားခြင်းကို ဗမာ့လွတ်လပ်ရေးတပ်မတော်အနေဖြင့် ခါးစည်း၍ ခံနေရလေ သည်။
မြန်မာနိုင်ငံအား ဗြိတိသျှတို့လက်အောက်မှ ပြန်လည်သိမ်းပိုက်ပြီးသောအခါ ဗိုလ်ကြီးဗထူးသည် ဗိုလ်မှူးရန်နိုင်အုပ်ချုပ်သော ခြေလျင်တပ်ရင်းအမှတ်(၂)တပ်ခွဲ(၃) ဗိုလ်ကြီးရာထူးဖြင့်ပင် တပ်ခွဲမှူးတာဝန်ကို ထမ်းဆောင်နေရလေသည်။ တစ်ဖန် အသစ်ဖွဲ့စည်းပေးသော ဗမာ့ကာကွယ်ရေးတပ်မတော်တွင် တပ်ရင်းအားလုံးစအား စစ်ပညာသင်ကြားပေးရန်အတွက် ဂျပန်အကြံ ပေးအရာရှိများကို ခန့်ထားပြီး သင်ကြားပေးသည်။ ယင်းအချိန်က ဗိုလ်ကြီးဗထူးသည် စစ်ပညာကို ကြိုးစား ၍ သင်ကြားနေချိန်ဖြစ်သလို မိမိတပ်ခွဲရှိ ရဲဘော်များကိုလည်း စနစ်တကျ သင်ကြားစေသည်။
ထို့နောက် တပ်ရင်း(၃)ရင်းကို စစ်ပညာသင်ကြားပေးပြီးဖြစ်သဖြင့် တာဝန်များကို လွှဲအပ်လိုက်သည်။ နောက်ထပ်ဖွဲ့စည်းသော စက်မှုလက်မှုတပ်အမှတ်(၁)တွင် ဗိုလ်ကြီးဗထူးအား ဗိုလ်မှူး အဆင့်သို့တိုးမြှင့်ခန့်အပ်သည့်အပြင် တပ်ရင်းမှူးရာထူးကိုပါ ခန့်ထားခြင်းခံရလေသည်။ တပ်ရင်းမှူးဖြစ် လျှင်ဖြစ်ချင်း ကသာနယ်၊ အင်းတော်နယ်တို့တွင် တာဝန်ထမ်းဆောင်ရန် အရေးကြီးလာသည့်အတွက် အင်းတော်မှ ကလေးဝစစ်ကြောင်းသို့ စစ်ထွက်ခဲ့ရသည်။
ဗိုလ်မှူးဗထူးတို့သည် စစ်ဌာနချုပ်နှင့် အသက်အသွယ်ပြတ်တေသဖြင့် လွတ်လပ်ရေးပေးသည်ဆို သော သတင်းကိုလည်းမသိ။ စစ်မြေပြင်ရှိဖက်ဆစ်ဂျပန်များ ပြောကြသည်ကိုလည်း မယုံကြည်ကြပေ။ ထို့ အပြင်ဂျပန်များသည် ဗိုလ်မှူးဗထူး၏ တပ်ရင်းနှင့်အတူ တပ်ရင်း(၃)ရင်းကို နည်းအမျိုးမျိုးဖြင့် နှိပ်စက်ကြ လေသည်။
တစ်နေရာမှတစ်နေရာသို့ ပြောင်းရွှေ့ရာတွင်လည်း ဂျပန်တပ်များကို မော်တော်ကားဖြင့် ပြောင်းရွှေ့ပေးပြီး ဗမာတပ်များကိုမူ ကိုယ့်အစီအစဉ်ဖြင့်ကိုယ် ပြောင်းရွှေ့ရမည်ဟူသော ပြင်းထန်သည့် စစ်အမိန့်ကို ပေးခဲ့ကြလေသည်။
ဤကဲ့သို့ မတရားသောအမိန့်ကို ဆက်လက်နာခံနေပါက မိမိရဲဘော်များ စိတ်ဓာတ်ကျမည်ကို စိုးရိမ်မိသည့်အတွက် ဖက်ဆစ်ဂျပန်အားတော်လှန်ရန် စိတ်ပိုင်းဖြတ်လိုက်လေတော့သည်။ ယင်းအချိန်မှစ ၍ ဂျပန်ခေါင်းဆောင်များပေးသော အမိန့်ကို မနာခံသည့်အပြင် “ မိမိအမိန့်နှင့် မိမိစစ်သားတွေကို ခိုင်းရ လိမ့်မည် ” ဟု ရဲရင့်ပြတ်သားစွာပြောဆိုခဲ့လေသည်။
ယင်းကြောင့်ပင် ဂျပန်အကြီးအကဲများသည် ဗိုလ်မှူးဗထူးကိုလည်းကောင်း၊ ဗမာတပ်သားများကို လည်းကောင်း မတရားသော ဆက်ဆံမှုမျိုးနှင့် မဆက်ဆံဝံ့ကြတော့ပေ။ ဗိုလ်မှူးဗထူးသည် ဖက်ဆစ်ဂျပန် များ၏ နှိပ်စက်ညှဉ်းပန်းမှုကြောင့် အအိပ်ပျက်၊ အစားပျက်ကာ ငှက်ဖျားရောဂါစွဲကပ်လာပြီး အိပ်ရာထဲတွင် ဗုန်းဗုန်းလဲသွားလေတော့သည်။ သို့သော်တပ်ရင်းရှိ ရဲဘော်များ၏ ပြုစုယုယမှုကြောင့်တစ်ရက်၊ နှစ်ရက်အတွင်းမှာပင် သက်သာလာသည်။ ဤသို့နေကောင်းစပြုလာသောအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းထံမှ ၀ိုင်ယာလက်သတင်းထူးရောက်ရှိလာသည်။ ယင်းသတင်းကား “ ဗိုလ်မှူးဗထူး အားတိုင်းမှူးအဖြစ် မန္တလေးသို့ ပြောင်းရမည် ” ဟူသော သတင်းထားပင်ဖြစ်လေသည်။
ဗိုလ်မှူးဗထူးသည် အထက်မှရာထူးတက်ပေးကာ တိုင်းမှူးအဖြစ်ခန့်ထားခြင်းကို ခံရသော်လည်း ၀မ်းသာပုံမရရှာပေ။ မိမိရဲဘော်များကိုသာ စေ့စေ့ကြည့်ရင်း -
“ ရဲဘော်တို့ - ကျုပ်တော့ မန္တလေးကို တိုင်းမှူးအဖြစ်နဲ့ ပြောင်းရတော့မယ်၊ အမိန့်အတိုင်း အမြန်ဆုံးပြောင်းမှဖြစ်မယ်၊ ဒါကို တို့ဗိုလ်မှူးက တိုင်းမှူးဖြစ်တာနဲ့ ၀မ်းသာလွန်းလို့ အမြန်ပြောင်းတယ်လို့တော့ မထင်ပါနဲ့၊ ဒီစစ်မြေပြင်မှာမှာနေခဲ့ရတဲ့ အဖြစ်အပျက်တွေကို အမြန်ဆုံးရှင်းပြ ချင်တယ်၊ ဒါကြောင့် ကျုပ်ပြောင်းသွားသော်လည်း ကျုပ်ရှိစဉ်ကကဲ့သို့ အထက်အမိန့်ကို နာခံ၊ စည်းစည်း လုံးလုံးနဲ့ တာဝန်ကိုကျေပွန်ကြပါစေ ” ဟူသော နောက်ဆုံးစကားကို ပြောကြားခဲ့ပြီး ၀မ်းနည်းစွာဖြင့်ပင် မန္တလေးသို့ ပြောင်းရွှေ့ခဲ့လေသည်။
ဗိုလ်မှူးကြီးဗထူး မန္တလေးသို့ တိုင်းမှူးအဖြစ် ရောက်ရှိလာသောအခါ ယခင်က ဖက်ဆစ်ဂျပန်တို့၏ နှိပ်စက်ခြင်းအမျိုးမျိုး၊ ရိုင်းစိုင်းခြင်းအမျိုးမျိုးကို ခံစားနေခဲ့ရသော မြို့သူမြို့သားများသည် ယခုအခါ အေး အေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ်ပြန်ဖြစ်လာသဖြင့် ဗိုလ်မှူးကြီးဗထူးကိုလည်း လိုအပ်သည့်အကူအညီများပေးကြလေသည်။
ယင်းကြောင့် ဗိုလ်မှူးကြီးဗထူးသည် မိမိ၏ရည်ရွယ်ချက်ဖြစ်သော တိုင်းပြည်အား ကယ်တင်ရတော့ မည်။ မတရားသောဂျပန်၊ ရက်စက်သောဂျပန်၊ အကျင့်ဆိုးများဖြင့် ပြည်သူများအား ညှဉ်းဆဲသော ဂျပန်ကို ဗမာတို့က တော်လှန်မှုအောင်မြင်ပြီး မုချလွတ်လပ်ရေးရရှိမည်ဟူသော ရည်ရွယ်ချက်ဖြင့် မန္တလေးတိုင်းမှူး ဖြစ်ပြီး မကြာမီမှာပင် ဂျပန်တော်လှန်ရေးကို စတင်စိုင်းပြင်းလေတော့သည်။
ဤကဲ့သို့ ဗိုလ်မှူးကြီးဗထူး ဂျပန်တော်လှန်ရေးအတွက် စတင်စိုင်းပြင်းနေစဉ် အင်္ဂလိပ်တို့၏အမှတ်(၁၅)တပ်မကြီးသည် တောင်ကုတ်စစ်ကြောင်းကို သိမ်းပိုက်ရန် ချီတက်လာလေသည်။ ထို့အပြင်အမှတ်(၃၃)တပ်မကြီးသည်လည်း ရွှေဘိုမှ စစ်ကြောင်းနှစ်သွယ်ဖြန့်၍ ပြင်ဦးလွင်သို့လည်းကောင်း၊ အမှတ်(၄)တပ်မကြီးသည် ဧရာဝတီမြစ်ကို ဖြတ်ကူးပြီး မိတ္ထီလာကားလမ်းမ ကြီးကို သိမ်းပိုက်ရန်အတွက်လည်းကောင်း ချီတက်လာသောအချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေသည်။
ထိုအချိန်က တိုင်းမှူးဗိုလ်မှူးကြီးဗထူးသည် ဖက်ဆစ်ဂျပန်အား အသိပေး၍တစ်မျိုး၊ အသိမပေး၍တစ်မျိုး စခန်းအသီးသီးတို့တွင် မိမိတပ်များကို လျှို့ဝှက်စွာဖြန့်ချထားလေသည်။ ဤကဲ့သို့ မိမိတပ်မှူးများအား ညွှန်ကြားစီစဉ်စေကာ မိမိမူကား မန္တလေးမြို့တွင်းတွင် ဗိုလ်မှူးကြီးဗထူးရှိနေသည်ဟူ သော အမှတ်အသားဖြစ်စေရန် မိမိစစ်ရုံးနှင့် ဂျပန်စစ်ရုံးတို့တွင် တလူလူလွှင့်ထူထားသော အလံနီကလေး ဖြင့် ဂျပန်တို့အား ယုံကြည်စေလေသည်။
ဤသည်မှာ ဗိုလ်မှူးကြီးဗထူး၏ ရဲရင့်ပြောင်မြောက်သော သူရသတ္တိနှင့်ထူးခြားသောစစ်ပရိယာယ် ပင်ဖြစ်ပေသည်။ ၁၉၄၅ ခုနှစ်၊ မတ်လ ၈ ရက်သည် ဗိုလ်မှူးကြီးဗထူး၏ ထူးခြားသောနေ့ထူးနေ့မြတ်ပင် ဖြစ်သည်။ မတ်လ ၈ ရက်တွင် အထက်ဗမာပြည်မှစတင်ကာ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့လေသည်။
ထိုတော်လှန်ရေးနေ့တွင် ဗိုလ်မှူးကြီးဗထူးသည် စွန့်လွှတ်စွန့်စား၍ တိုက်ပွဲဝင်ခဲ့သောကြောင့် မန္တလေးနယ်အားလုံးကို အောင်ပွဲရရှိခဲ့ပေသည်။ စစ်ကိုင်းစခန်းရှိ တပ်မတော်သားများကလည်း ပြောက်ကျားနည်းဖြင့် တိုက်ပွဲဆင်နွှဲကာ အောင်ပွဲခံခဲ့သည်။
တစ်ဆက်တည်းမှာပင် တပ်မတော်သားများသည် မအူပင်မြောက်ရွာ၊ သာဒွန်းရွာ၊ ဒေါင်းရွာများအားလည်းကောင်း၊ သပြုရွာ၊ ကျွဲလူးရွာ၊ ညောင်တန်းရွာများအားလည်းကောင်း သိမ်းပိုက်၍ ဂျပန်များကို အပြီးသတ်အောင်ပွဲခံယူခဲ့လေသည်။
ဤသို့ဖြင့် ဗိုလ်မှူးကြီးဗထူးသည် တောအထပ်ထပ်၊ တောင်အထွတ်ထွတ်၊ စမ်းအသွယ်သွယ်ကို ကျော်ဖြတ်၍ တိုက်ပွဲအဆင့်ဆင့်ကို အောင်ပွဲအလီလီရရှိခဲ့သော်လည်း ၁၉၄၅ ခုနှစ်၊ ဇွန်လ ၂ ရက်တွင် တယ်လူးစခန်း၌ ငှက်ဖျားရောဂါဖြင့် အိပ်ရာထဲလဲလျောင်းနေရာမှ သတိပြန်မလည်လာတော့ဘဲ ရုတ်တရက် ကျဆုံးသွားရရှာလေသည်။
မည်သို့ပင်ဆိုစေကာမူ ဗိုလ်မှူးကြီးဗထူးသည် ဗမာ့လွတ်လပ်ရေးအတွက် အသက်ကို စွန့်လွှတ်စွန့် စား၍ ရှေးဦးစွာတော်လှန်တိုက်ခိုက်ခဲ့သောကြောင့်လည်းကောင်း၊ တိုင်းပြည်နှင့်လူမျိုးကိုထိလျှင် မချိအောင်နာတတ်သော စိတ်ဓာတ်ကြောင့်လည်းကောင်း၊ ကျွန်ုပ်တို့သည် ဗိုလ်မှူးကြီးဗထူးအား ဗမာ့ တော်လှန်ရေးသူရဲကောင်းကြီးအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ သတိရနေရမည်ဖြစ်ပေသည်။ ။
ရဲဘော် ကျော်ဆန်း
No comments:
Post a Comment