HTOOSAN

လာလည်ကြတဲ့ မိတ်ဆွေများ အားလုံး ပျော်ရွှင်ချမ်းမြေ့ ကြပါစေ

Monday, October 27, 2014

ဆေးပညာသတင်းဆန်းများ (၇၈) ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®

ဆေးပညာသတင်းဆန်းများ (၇၈)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®

ဒေါက်တာ ကံညွန့်

ယခုဖော်ပြလိုတဲ့ သတင်းကတော့ ကလေးတွေကို နံနက်စောစော ကျောင်းသွားခိုင်းခြင်းဟာ ကလေးကို အိပ်ရေးမ၀ဖြစ်စေနိုင်ပြီး ကလေးတွေရဲ့ ကိုယ်စိတ်ကျန်းမာရေးကို ထိခိုက်နိုင်တယ်ဆိုတဲ့ သတင်းပါ။ သူတို့ အဆိုအရ ကလေးကျောင်းတက်ချိန်ကို နံနက် ၈ နာရီခွဲထက် မစောသင့်ဘူးလို့ ဆိုပါတယ်။ ဒီလေ့လာချက်ကို ထုတ်ပြန်လိုက်တာက American Academy of Pediatries (AAP) အသင်းကြီးက ဖြစ်ပြီး Pediatries ဂျာနယ်မှာ ဖော်ပြထားတာပါ။ ကလေးတွေဟာ အနည်းဆုံး ၁၀ နာရီ လောက် အိပ်သင့်ပြီး နံနက် ၇ နာရီခွဲ ၈ နာရီမှာ ကျောင်းသွားတာဟာ အိပ်ရေးမ၀ဖြစ်စေကာ ကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ထိခိုက် စေပြီး တာရှည်အအိပ်နည်းပါးစေခြင်းဟာ စိတ်ကျရောဂါ၊ အဝလွန် ရောဂါတို့ကိုပါ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ကလေးတွေကို နောက်ကျမှ ကျောင်းလွှတ်ခြင်းဖြင့် ကလေးတွေ ကျောင်းမှာအိပ်ငိုက်တဲ့ အချိန်ကို အထူး လျော့ပါးစေပြီး စာသင်ကြားရာမှာ ပိုမိုစိတ်ဝင်စားမှု များလာနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အမေရိကန် နိုင်ငံမှာတော့ ဝါရှင်တန် ဒီစီမှာရှိတဲ့ Children National Health System က ကလေးတွေရဲ့ ကျောင်းတက် ချိန်ကို ဟြေင်းလဲသတ်မှတ်ဖို့ စီစဉ်နေပါတယ်။ နောက်ပြီး APP အသင်းအောက်မှာရှိတဲ့ Adolescent Sleep Working Group ကလည်း Council of School Health ကော်မတီနဲ့ ပူးပေါင်းဆောင်ရွက် နေပါတယ်။ သူတို့ဟာ ကျောင်းတက်စအရွယ်မှ မြီးကောင်ပေါက်စ ဆယ်ကျော်သက် အရွယ်အထိ အိပ်ရေးဝအောင် အိပ်ပြီးမှ ကျောင်းတက် သင့်တဲ့အကြောင်း အကြံပြုထားတာကို တင်ပြလိုက်ရပါတယ်။

ကင်ဆာရောဂါရှင်များ စိတ်ကျရောဂါခံစားနေရ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®

နောက်ဖော်ပြလိုတဲ့ သတင်းကတော့ ကင်ဆာရောဂါ ရှင်တွေအားလုံးရဲ့ လေးပုံ သုံးပုံဟာ စိတ်ကျရောဂါ (Depression)ကို ဆိုးရွားစွာ ခံစားနေရပြီး အများ အားဖြင့် သူတို့ဟာ ဒီစိတ်ရောဂါအတွက် ကုသမှုမခံယူ ကြရဘူးလို့ လေ့လာချက်တစ်ခုက ထောက်ပြ ထားပါတယ်။ ဒီလေ့လာချက် ပြုလုပ်ခဲ့တာကတော့ အင်္ဂလန်နိုင်ငံ Oxford နှင့် Edinburg တက္ကသိုလ်က ဆေးပညာရှင်တွေဖြစ်ပါတယ်။ သူတို့အဆိုအရ ပြင်းထန်တဲ့ စိတ်ကျရောဂါဟာ သာမန်လူထုထဲမှာထက် ကင်ဆာရောဂါဝေဒနာ ရှင်တွေမှာ ပိုများတယ်လို့ ဆိုပါတယ်။ သူတို့ဟာ ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း Scotland မှာရှိတဲ့ ဆေးခန်းတွေက ကင်ဆာရောဂါဝေဒနာ ရှင်ပေါင်း ၂၁၀၀၀ ကို လေ့လာ ထားခဲ့ကြတာဖြစ်ပါတယ်။ စိတ်ကျရောဂါ အများဆုံး ခံစားရတတ်တဲ့ ကင်ဆာရောဂါအမျိုးမျိုးတွေထဲမှာ အဆိုးရွားဆုံးကတော့ အဆုတ်ကင်ဆာဖြစ်ပြီး ဒုတိယကတော့ မီးယပ်နှင့် ပတ်သက်တဲ့ အမျိုးသမီးတွေရဲ့ သားအိမ်နဲ့ သားအိမ်ခေါင်းကင်ဆာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ပြီးမှ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာတို့ဖြစ်ပြီး နောက်ဆုံး မှာတော့ ဆီးလမ်းကြောင်း ကင်ဆာတို့ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ယခုအခါ ဆေးသုတေသီတွေဟာ ကင်ဆာဆရာဝန်ကြီးတွေနှင့် စိတ်ရောဂါဆရာဝန်၊ မိသားစုဆရာဝန်တွေပါဝင်မယ့် Depression Care For People with Cancer (DCPC) ခေါ်တဲ့ အဖွဲ့တစ်ခုကို ဖွဲ့စည်းပြီး ကင်ဆာဝေဒနာရှင်တွေ စိတ်ကျရောဂါနှင့် ပတ်သက်ပြီး ကုသပေးနိုင်တဲ့ စီမံကိန်း တစ်ခုကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင် နေကြပါတယ်။ ဒါဟာ ကင်ဆာဖြစ်သူတွေ စိတ်ချမ်းမြေ့စွာ နေနိုင်ဖို့နှင့် သူတို့ကို လျစ်လျူရှုနေခြင်းဖြင့် စိတ်ကျရောဂါမဖြစ်အောင် လုပ်ရတဲ့ စီမံကိန်း ဖြစ်တယ်ဆိုတာ တင်ပြလိုက်ရပါတယ်။

အမေ့လွန်ရောဂါဖြစ်နိုင်ခြေ ရှိမရှိ ကြိုတင်သိနိုင်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®

အသက်အရွယ်ကြီးလာရင် မျက်စိစစ်ဆေးခြင်းဖြင့် သက်ကြီး ရွယ်အိုတွေမှာ ဖြစ်တတ်တဲ့ အမေ့လွန်ရောဂါ (Alzheimer's Disease) ဖြစ်နိုင်ခြေရှိမရှိ ကြိုသိနိုင်ပြီဆိုတဲ့ သတင်းပါ။ ဒီတွေ့ရှိချက်ကိုတော့ Australia နိုင်ငံက ဆေးပညာရှင်တွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ Australia နိုင်ငံမှာအခြေစိုက်တဲ့ ဓနသဟာယ နိုင်ငံပေါင်းစုံ သိပ္ပံနှင့် စက်မှုဆိုင်ရာ သုတေသနအဖွဲ့ Common Wealth  Scientific and Industrial Research Organization (CSIRO) ခေါ်တဲ့ အဖွဲ့ကြီးက ဦးဆောင် သုတေသနပြုခဲ့ကြတာဖြစ်ပါတယ်။ သူတို့ပြုလုပ်ခဲ့တဲ့ လေ့လာမှုမှာ လူ ၂၀၀ ခန့် ပါဝင်ခဲ့ပြီး Tumeric Spice ခေါ်တဲ့ ဟင်းခပ်ပစ္စည်း တစ်ခုဖြစ်တဲ့ နနွင်းမှာပါတဲ့ (Curcumin) ဆိုတဲ့ဓာတ်နဲ့ Beta- amyloid Protein နှစ်မျိုးပေါင်းစပ်ပြီး ဦးနှောက်ရဲ့ ကလာပ်စည်းတွေမှာ အနည်ထိုင်တာကြောင့် Alzheimer ရောဂါဖြစ်ရတယ် ဆိုတာကို အခြေခံပြု စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုပေါင်းစပ်နေတာကို မျက်စိအတွင်းက အာရုံခံ လွှာဖြစ်တဲ့ Retina မှာ တွေ့နိုင်တယ်လို့ ဆိုပါတယ်။ ပထမစမ်းသပ်တဲ့ လူအယောက် ၄၀ ထဲမှာ Alzheimer ရှိတဲ့ သူတွေမှာ ၁၀၀ ရာခိုင်နှုန်း ဒီလိုပေါင်းစပ်တာကို တွေ့နိုင်ပြီး ရောဂါမရှိသူတွေမှာ ၈၀ ရာခိုင်နှုန်း မတွေ့ရ ဘူးလို့ ဆိုပါတယ်။ ဒီလိုမျက်စိမှာ သဲလွန်စတွေ့ပြီဆိုတာနဲ့ နောက်ထပ် ဦးနှောက်ကို စစ်ဆေးနိုင်တဲ့ MRI (Magnetic Resonance Imaging), P.E.T (Positrol Emission Tomography) နည်းတွေနဲ့ ပိုသေချာအောင် စစ်ဆေး နိုင်တယ်ဆိုတာ တင်ပြလိုက်ရပါတယ်။

ကင်ဆာရောဂါကို စောစီးစွာကုသမှုခံယူ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®
ကင်ဆာရောဂါဟာ စောစီးစွာ ကုသမှုခံယူရင် အသက်ရှည်နိုင်စွမ်းရှိပေမယ့် နောက်ကျပြီးမှ ကုကြရင်တော့ ကုရမလွယ်ကူတဲ့ ရောဂါတစ်ခုပါပဲ။ ကင်ဆာ ရောဂါကို ကုနိုင်ဖို့ ဆေးသိပ္ပံပညာရှင်တွေ အမျိုးမျိုးကြိုးစားခဲ့ရာမှာ ယခုအခါ ကင်ဆာရောဂါ တော်တော်များများကို ကုသနိုင်မယ့် ဆေးတစ်ခုကို တီထွင်နိုင်ခဲ့ကြပါတယ်။ ဒီဆေးကိုတော့ Cisplatin လို့ အမည်ပေးထားပြီး Platin M အမည်နဲ့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဒီဆေးကို ရှာဖွေတွေ့ရှိခဲ့တာကတော့ အမေရိကန်နိုင်ငံ Georgia University က ဆေးသိပ္ပံပညာရှင်တွေ ဖြစ်ပါတယ်။ ဒီဆေးကို Nano နည်းပညာနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီဆေးအစိတ်အပိုင်း တစ်ခုစီဟာ ဆံပင်ချည်မျှင်ထက် အဆ ၁၀၀၀ သေးငယ်တဲ့ particle တွေနဲ့ ပြုလုပ်ထားတာလို့ ဆိုပါတယ်။ ဒီဆေးရဲ့ အစွမ်းဟာ Cancer Cells တွေရဲ့ အရေးကြီးဆုံး အပိုင်းဖြစ်တဲ့ Mitochondrial DNA ကို တိုက်ရိုက်တိုက်ဖျက်နိုင်တာလို့ဆိုပါတယ်။ ဒီဆေးဟာ ကင်ဆာအမျိုးပေါင်း ငါးမျိုးကို ကုသနိုင်မှာ ဖြစ်ပါတယ်။ အဲဒီကင်ဆာတွေကတော့ ဆီးအိမ်(Bladder)၊ မျိုးဥ (Ovarian)၊ သားအိမ် ခေါင်း (Cervical)၊ ဝှေးစေ့ (Testis)နှင့် အဆုတ် (Lung) ကင်ဆာတို့ပဲ ဖြစ်ပါတယ်။ ဒီဆေးပေါ်ပေါက်လာတာဟာ ကင်ဆာဝေဒနာရှင်တွေအတွက် ဝမ်းသာစရာ သတင်းတစ်ခုအဖြစ် ဖော်ပြလိုက် ရပါတယ်။

နှလုံးကြွက်သားလှုပ်ရှားမှု အားပျော့ရောဂါ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®

နောက်ဖော်ပြလိုတဲ့ သတင်းတစ်ပုဒ်ကတော့ Heart Failure ခေါ်တဲ့ နှလုံးကြွက်သားလှုပ်ရှားမှု အားပျော့ သွားတဲ့ရောဂါအတွက် ပေါ်လာတဲ့ အစွမ်းထက်တဲ့ ဆေးတစ်ခုအကြောင်းပါ။ ဒီဆေးကို LCZ 696 လို့ အမည်ပေးထားပြီး ထုတ်လုပ်တဲ့ ကုမ္ပဏီကတော့ Swisszerland နိုင်ငံက နာမည်ကြီး Novartis ဆေးကုမ္ပဏီ ဖြစ်ပါတယ်။ ဒီဆေးအကြောင်းကို စပိန်နိုင်ငံ Barcelona မှာ ကျင်းပတဲ့ European Society of Cardiology မှာ တင်ပြခဲ့တာဖြစ်ပါတယ်။ ဒီဆေးနှင့် ပတ်သက်ပြီး စမ်းသပ်ထားချက်တွေကို နှလုံးရောဂါပါရဂူတွေက ဆွေးနွေး လက်ခံခဲ့ ကြတာဖြစ်ပါတယ်။ Heart Failure ရောဂါမှာ နှလုံးကို ရောက်လာတဲ့သွေးတွေကို ကိုယ်ခန္ဓာ တစ်ခုလုံးရောက်အောင် နှလုံးကြွက်သား က ညှစ်ထုတ်မပေးနိုင်တော့တာဖြစ်ပါတယ်။ ဒါဟာ Ventricle ခေါ်နှလုံးရဲ့ အောက်ဘက် ကြွက်သားဟာကြီးပြီး အားပျော့သွားတာကြောင့် ဖြစ်တာပါ။ ဒီအခြေအနေကို တိုးတက်အောင် ဒီဆေးက ဆောင်ရွက်နိုင်မယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် Heart Failure ဝေဒနာ ရှင်တွေအတွက် အသက်ပိုရှည်နိုင်တဲ့ ဆေး အဖြစ် ဖော်ပြလိုက်ရပါတယ်။

အဝလွန်ရောဂါဖြစ်သူများ သတိထားနေထိုင်သင့်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®
နောက်ဖော်ပြလိုတဲ့ သတင်းတစ်ပုဒ်ကတော့ ကိုယ်အလေးချိန် များနေသူတွေနဲ့ အဝလွန်ရောဂါ ဖြစ်နေသူတွေ အတွက် ဘယ်လိုသတိထား နေထိုင်သင့်တယ် ဆိုတဲ့ လမ်းညွှန်ချက်ပါ။ ဒီလမ်းညွှန်ချက်ကို အမေရိကန်နိုင်ငံ ရောဂါကာကွယ်ရေးဆိုင်ရာ တပ်ဖွဲ့ United States Preventive Services Task Force (USPSTF) အဖွဲ့ကြီး က ထုတ်ပြန်လိုက်တာပါ။ ကိုယ်အလေးချိန် သာမန်ထက်ပိုများနေသူတွေ၊ အဝလွန် ဖြစ်နေသူတွေ၊ အမှတ်(၂) ဆီးချိုရောဂါရှိနိုင်သူတွေဟာ သွေးတိုးရောဂါရှိပြီး သွေးထဲမှာ Cholestrol နှင့် သကြားဓာတ် (Sugar) သာမန်ထက် များနေတယ်ဆိုရင် Metabolic Syndrone ရှိသူတွေလို့ သတ်မှတ်ထားပါတယ်။ဒီလူတွေဟာ နှလုံးရောဂါ ဖြစ်နိုင်ခြေ အလွန်မြင့်မားနေတာကြောင့် ဒီလူတွေဟာ သမားတော်ကြီးတွေထဲမှာ ဆေးစစ် ကုသမှုခံယူပြီး သူတို့ရဲ့လမ်းညွှန်မှု အောက်မှာ နေသင့်ကြောင်း အကြံပြုထားပါတယ်။ ဒီအကြောင်းကို အမေရိကန် နိုင်ငံမှာ ထုတ်ဝေတဲ့ Annals of Internal Medicine ဂျာနယ်မှာ ဖော်ပြထားတာပါ။ လူတစ် ယောက်ဟာ သူ့အတွက် အလေးချိန် ပိုများနေသလား၊ အဝလွန်ဖြစ်နေသလားဆိုတာကို သူ့ရဲ့ အရပ်နှင့် အလေးညွှန်း Body Mass Index အရ သိနိုင်ပါတယ်။ အလေးချိန်ပိုနေသူ Overweight နှင့် အဝလွန်သူ Obesity ဖြစ်နေလင့်ကစား ဒီလူမှာ သွေးတိုး၊ ဆီးချိုမရှိဘူး၊ သွေးထဲမှာ Cholestrol ဓာတ် ကလည်း သာမန်ထက်မပို ဘူးဆိုရင် ဒီလူကို Metabolically Healthy Obesity (M.H.O) လို့ သတ်မှတ်ပြီး ဒီလူဟာ နှလုံးရောဂါ ဖြစ်နိုင်ခြေ နည်းပါးကြောင်း တင်ပြရင်း ယခုအပတ် ဆေးပညာသတင်းဆန်းများ တင်ပြခြင်း ကို နိဂုံးချုပ်လိုက်ရပါသည်​။

Admin .thuraaung
Htoosan(everday new)

No comments:

Post a Comment